Thursday, January 9, 2014

အယုံမလွယ်နဲ့ချစ်သူ


အရုပ်မဖြစ်ပါစေနဲ့
ချစ်သူက ကိုယ့်ကို နိုင်ငံခြားမှာ တခြားမိန်းမတစ်ယောက်နဲ့ ရှုပ်နေတယ်လို့ သူများပြောတာနဲ့ ယုံလိုက်ရောလား။ ဒီမယ်..ချစ်သူ။ လောကမှာ မြင်မြင်ချင်း အထင်သေးခံရ တတ်တဲ့သူ (၇)ဦးထဲမှာ ပြောသမျှ အယုံလွယ်တဲ့ သူလည်းပါတယ်။ ပြောသမျှကို ကိုယ်ပိုင် ဦးနှောက်နဲ့ စဉ်းစားဆင်ခြင် ပိုင်းဖြတ်ခြင်းမရှိဘဲ ယုံလိုက်တာ ချစ်သူရဲ့ အားနည်းချက်ပဲ။ ချစ်သူကို မလိုတဲ့သူတွေ၊ ကိုယ်တို့အကြား သွေးထိုး အနှောင့်အယှက် လိုချင်တဲ့ သူတွေက ကိုယ်တို့ ပျက်စီးရာ ပျက်စီးကြောင်းကို မဟုတ်တမ်းတရား ပြောနေကြမှာပဲ။ ဒါတွေကို ချစ်သူက အလွယ်တကူ ယုံကြည်လိုက်မယ်ဆိုရင် ချစ်သူဟာ သူတို့လှည့်သမျှ လည်နေတဲ့ အရုပ်လေးဖြစ်နေမှာပဲ။
အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး ကောလဟလဖြစ်ရတဲ့ အကြောင်းအရင်း
ချစ်လေးရယ်…ကိုယ်နိုင်ငံခြား မသွားခင်ကတည်းက ချစ်လေးကို အတန်တန် မှာထားခဲ့တယ်နော်။ ရပ်ကွက်ထဲလှည့်ပြီး အိမ်တကာတက်ကာ အနုပညာရှင်တွေရဲ့ အတင်းအကြောင်းကိုယ်မသိဘဲ မပြောနဲ့လို့။ အနုပညာရှင်ဆိုတာ သာမန်လူတွေထက်ပိုပြီး ကောလာဟလ ဖြစ်တယ်ဆိုတာ ချစ်လေး သိထားသင့်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ နာမည်ကျော်ကြားတယ်။ လူတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို ရရှိထားကြတဲ့ သူတွေဖြစ်တယ်။ အဲဒီ့အချက်တွေဟာ သူတို့ရဲ့အားနည်းချက်တွေလည်းပဲ ဖြစ်တယ်။ အဲဒီ့အချက်တွေ အပေါ်နင်းပြီး အသုံးချချင်တဲ့ သူတွေလည်းရှိမယ်။ မနာလိုတဲ့သူတွေက အဲဒီ့အချက်တွေကို နင်းပြီး တိုက်ခိုက်ချင်တာလည်း ရှိမယ်။ သူ တို့နဲ့ ပတ်သက်လာတဲ့ သတင်းမှန်သမျှကို ချစ်လေး ယုံကြည်မိ၊ နားယောင်မိမယ်ဆိုရင် ချစ်လေးဟာ ကောလာဟလ ဖြန့်တဲ့သူရဲ့ သားကောင် ဖြစ်သွားလိမ့်မယ်။ ဥပမာ- ကိုယ်အခု နိုင်ငံခြားမှာ အလုပ်လုပ်နေတာကို ချစ်လေးက တခြားမိန်းမနဲ့ ရှုပ်နေတယ်ဆိုတဲ့ သတင်းကြားသလိုပေါ့။ ဘာမှမဆိုင်ဘဲ ကိုယ်နဲ့ချစ်လေးက ဒီကောလဟလရဲ့ သားကောင်ဖြစ်တော့မလို့။ ဒါကြောင့် သေချာစဉ်းစား ဆင်ခြင်ပါ.. ချစ်သူ။
ကောလာဟလပြောမယ်ဆိုရင်
ချစ်လေးကိုယ်တိုင်လည်း သူများအတင်းကို မပြောရဘူးနော်။ ကိုယ်တို့နှစ်ယောက်အကြောင်းကို ဘေးလူတွေ မဟုတ်တမ်းတရား ပြောတာကို မကြိုက်ဘူးဆိုရင် ကိုယ်ကလည်း သူတစ်ပါးအကြောင်း မဟုတ်တမ်းတရား မပြောရဘူး။ ကိုယ်မသိဘဲ သူတစ်ပါးရဲ့ အကြောင်းကို မှန်တယ်၊ မှားတယ် မဝေဖန်မိစေနဲ့။ ကိုယ့်ကြောင့် တစ်ဖက်သူရဲ့ ဂုဏ်သိက္ခာကို မနင်းချေမိစေနဲ့။ တစ်ဖက် လူကပြောတိုင်း ကိုယ်က ဘလိုင်းကြီး ခေါင်းညိတ် မယုံမိစေနဲ့။ သူတစ်ပါးက ပြောနေရင်လည်း မနားထောင်နဲ့။ အလကား။ ကောလာဟလ တွေနားထောင်မိလို့၊ နားယောင်မိလို့ ချစ်လေးအနေနဲ့ ဘာမှမတိုးတက်လာဘူး။ အချိန်ကုန်တယ်…ချစ်သူ။ နောက်ပြီး ကိုယ်ရဲ့ Personality လည်း ညှိုးမှိန်စေတယ်။
ကောလာဟလကိုသတ်နည်း
ကောလာဟလဆိုတာ အင်မတန် ဆိုးဝါးလှပါတယ်…ချစ်သူ။ ဒါကြောင့် ကောလာဟလနဲ့ ပတ်သက်ပြီး ပျံ့နှံ့လာရင် ချစ်သူ အဲဒီ့ကောလာဟလကို ဖြန့်တဲ့သူတွေ ဝမ်းသာလုံး မဆို့ရအောင် ကောလဟလကို မဖြန့်ဖြူးနဲ့။ ကိုယ်ကြားလိုက်တဲ့ ကောလာဟလကို လူတွေကြားထဲ ထပ်ပြီးမဖြန့်ဖြူးလိုက်နဲ့။ အဲဒါဆို ကောလာဟလရဲ့ ပျံ့နှံ့ပုံစက်ဝိုင်းကို ချစ်လေး ရပ်တန့်နိုင်လိမ့်မယ်။ ဒုတိယအနေနဲ့ ချစ်လေးအနေနဲ့ အဲဒီ့လို မလုပ်နိုင်ဘူးဆိုရင်တော့ ကောလာဟလပြောတဲ့ သူနဲ့အပြုသဘောအမြင်လေး ဆွေးနွေး မေးမြန်းကြည့်ပါ။ သူ့ကို ကောလာဟလဖြန့်တဲ့သူလို့ စွပ်စွဲစေတဲ့ အသုံးအနှုန်းတွေ မသုံးမိလိုက်နဲ့နော်။ တကယ်လို့ ကိုယ်က အဲဒီ့ကောလာဟလကို ယုံကြည်တယ်ဆိုရင်တောင် သူတစ်ပါးကို စွပ်စွဲတဲ့ အသုံးအနှုန်းနဲ့ မသုံးမိစေနဲ့။ တတိယက ကောလာဟလရဲ့ source (သတင်းထွက်ရှိရာ ရင်းမြစ်) ကို စုံစမ်းကြည့်ပါ။ အရပ်ထဲကကလား၊ ဈေးထဲကလား၊ အင်တာနက်ပေါ်ကလား၊ သူငယ်ချင်းတွေ ဆီကလားဆိုတာ စုံစမ်းကြည့်ပါ။ ယုတ်စွအဆုံး ကိုယ့်အကြောင်း ဂျာနယ်ထဲက ပါလာတယ်ဆိုရင်တောင် ချစ်လေးအနေနဲ့ ထပ်မံစုံစမ်းကြည့်သင့်တယ်။
ဘယ်နေရာမှာ၊ ဘယ်သူက၊ ဘာကြောင့်၊ ဘယ်လို၊ ဘယ်သူ့ကို ဘာလုပ်ခဲ့တယ်ဆိုတဲ့ အချက်ကို ချစ်လေးအနေနဲ့ တစ်စစီချင်းစီ ခွဲစိတ်ကြည့်ပါ။ လောကမှာ လူတွေရဲ့ ပါးစပ်ပေါက်ဟာ တစ်ပေါက်ပဲပါပြီး နားရွက်ပေါက်ဟာ နှစ်ပေါက်ပါတဲ့အတွက် ပါးစပ်ပေါက်ကို နည်းနည်းအသုံးချပြီး နားရွက်ပေါက်နဲ့ များများ နားထောင်တတ်အောင် သင်ယူရမယ် ချစ်သူ။ ပြောသမျှကို ယုံကြည်ရမယ်ဆိုရင် ဟိုးအရင်ကမ္ဘာဦးက လူတွေဟာ ငါးကနေဖြစ်လာတယ်ဆိုပြီး ငါးကို မစားကြနဲ့ဆိုတဲ့ အတွေးအခေါ် ပညာရှင်ကြီးတစ်ဦးက ဆိုခဲ့သေးတယ်ကွဲ့။ သူပြောတဲ့ အတိုင်းသာ မျက်စိမှိတ် ယုံလိုက်မယ်ဆိုရင် ကိုယ်တို့တွေဟာ ငါးပါး မှောက်ကြရလိမ့်မယ်။ ကိုယ်လည်း ငါးကြော်မြင်တိုင်း ငါးကင် မပစ်သလို ချစ်လေးလည်း ပြောတိုင်းမယုံဖို့ ကိုယ်အလေးအနက် တိုက်တွန်းလိုက်တယ်နော်။

No comments:

Post a Comment

 

Sample text

လာရောက်ပြီး ကြည့်ရှုသောမိတ်ဆွေအပေါင်းတို့ လိုအင်ဆန္ဒှနှင့်ပြည်ဝ ကြပါစေ...
ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

Sample Text

kmk

Blogger Tricks