ကံနဲ့ပတ်သက်လာလို့ရှိရင် လောဏကပလ္လသုတ် မှာ
လူနှစ်ယောက် အကုသိုလ်လုပ်တာချင်းအတူတူ ..
တစ်ယောက်က လုံးဝမခံရဘူး၊ တစ်ယောက်က အပြင်းအထန် ငရဲခံရတယ်။
လုပ်တာချင်းအတူတူပဲ။ ဘာဖြစ်လို့ ဟိုတစ်ယောက်က ခံရပြီးတော့
ဒီတစ်ယောက်က မခံရသလဲလို့ ဆိုလို့ရှိရင်
ပုဂ္ဂိုလ် ၂-ယောက်ရဲ့ အခြေအနေချင်း မတူဘူးတဲ့။
ုပုဂ္ဂိုလ်တစ်ယောက်က သီလ သမာဓိ ပညာဆိုတဲ့ စွမ်းရည်သတ္တိတွေ
သူ့မှာရှိတယ်တဲ့။
ဘာဝိတသီလ, ဘာဝိတစိတ္တ, ဘာဝိတ ပညာတဲ့။
စိတ်ဓာတ်ရေးရာကအစ ဒီပုဂ္ဂိုလ်က ကောင်းတဲ့ စိတ်ဓာတ်တွေ,
ကောင်းတဲ့ ကိုယ်ကျင့်တရားတွေ, ကောင်းတဲ့ အသိဉာဏ်တွေ ရှိတယ်။
ဟိုတစ်ယောက်က လုံးဝမရှိဘူး။
မရှိသည့်အတွက်ကြောင့် အကုသိုလ်ကံ လုပ်တဲ့အခါမှာ
ဟိုလူက ပြည့်ပြည့်ဝဝ ခံရပြီး, ဒီလူကတော့ မခံရဘဲနဲ့ ပျောက်သွားတယ်။
ဒါလည်း ဟုတ်တာပဲ။
ဒီခေတ်ထဲမှာရော မရှိဘူးလား။ ဒါမျိုးတွေ ရှိတယ်လေ -
ပိုက်ဆံချမ်းသာတဲ့လူ ရာဇဝတ်မှုကျုးလွန်ရင် ပျောက်သွားတာပဲ။
ဘာမှမရှိတော့ဘူး။
ဆင်းရဲတဲ့လူ ရာဇဝတ်မှုမကျူးလွန်နဲ့။ ကျူးလွန်တာနဲ့ အပြည့်အဝခံရမယ်၊
ဒါမတရားဘူးလို့ .. ပြောလို့မရဘူး။
အခြေအနေချင်း မတူဘူးလို့ ပြောရမယ်။
ကံမှာလည်း ဒီသဘောရှိတာပဲ။
ရာထူးရှိတဲ့လူ အာဏာရှိတဲ့လူ ဆိုရင် ပျောက်သွားတာပဲ၊
ရာထူးအာဏာ မရှိတဲ့လူဆို ပိုခံရတယ်။
အဲဒါကို မြတ်စွာဘုရားက လောဏကပလ္လသုတ် မှာ
ဆားခဲလေးနဲ့ ဥပမာပေးထားတယ်။
ဆားခဲတစ်ခဲကို သောက်ရေတစ်ဖန်ခွက်ထဲ ထည့်လိုက်လို့ရှိရင် -
အဲဒီရေဟာ သောက်မရလောက်အောင် ငန်သွားနိုင်တယ်ပေါ့။
ဘာဖြစ်လို့တုန်း ..? ရေက နည်းတာကိုး။
အဲဒီ ဆားခဲကို ကန်ထဲမှာ ထည့်လိုက်မယ်, မြစ်ထဲမှာ ထည့်လိုက်မယ်ဆိုရင်
အငန်ဓာတ်က ပျောက်သွားတယ်။
ဘာဖြစ်လို့တုန်း ..? ရေက များလို့။
အဲဒါကြောင့်မို့လို ကံဆိုတာလည်း သိပ်ကြောက်ဖို့မလိုဘူး။
ကောင်းတာတွေ လုပ်ဖို့တော့ လိုတယ်ပေါ့။
မကောင်းတာတွေလုပ်ပြီး မကောင်းတာတွေ များရင်တော့ ခံရမှာပဲ။
ဆားတွေ သိပ်များရင်တော့ ငန်မှာပဲလေ - သေချာတယ်။
ရေနည်းရင်တော့ ဆားငန်မှာပဲ။
ရေနဲ့အလားသဏ္ဌာန်တူတဲ့ ကိုယ့်ရဲ့အရည်အသွေးတွေ များအောင်လုပ်ဖို့
လိုအပ်တယ်။
( ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ )
3 Treasures: Buddha, Dhamma & Sangha Page မှ ကူးယူမျှဝေပါသည်။

No comments:
Post a Comment