ကျွန်တော်လည်း
အသဲကွဲဖူးတယ်။ ခင်ဗျားလည်း အသဲကွဲဖူးတယ်။ အသဲကွဲတယ်ဆိုတာ ရင်ထဲ
ပန်းတွေပွင့်သွားသလို ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ ခံစားချက်မဟုတ်မှန်း
ကျွန်တော်တို့သိတယ်။
အသဲကွဲတာမှာ
အသက်အရွယ်မရှိပါဘူး။ ဆယ်ကျော်သက်ဘဝမှာလည်း အသဲကွဲနိုင်သလို
လေးဆယ်ကျော်မှလည်း ကွဲချင် ကွဲနိုင်တာပဲလေ။ အသဲဘာလို့ကွဲလည်း ဆိုရင်
ချစ်မိလို့ အသဲကွဲတယ်။ ဘာလို့ချစ်မိလည်း ဆိုရင်တော့ ကျွန်တော်တို့က
ပုထုစဉ်လူသားတွေ ဖြစ်ပြီး မရှောင်နိုင်လို့ပေါ့ဗျာ။ ချစ်မိမှတော့
အနိုင်အရှုံးဆိုတာလည်း မစဉ်းစားပါနဲ့။ အချစ်ဆိုတာ ပြိုင်ပွဲတစ်ခုမှ မဟုတ်တာ။
ချစ်မိရင် ကိုယ်လည်း ပြန်အချစ်ခံချင်မယ်။ ဒါသဘာဝပဲလေ။ အဲ… ရည်းစားထားမယ်
ဆိုရင် အကြီးဆုံးယူရတဲ့ RISK က အသဲကွဲဖို့ပဲလေ။ ကျွန်တော်တို့
ချစ်တဲ့သူတွေက ပြန်မချစ်တဲ့ အခါ အသဲကွဲနိုင်တယ်။ ချစ်သူတွေဖြစ်ပြီး
နားလည်မှုလွဲလို့ ထားခဲ့ခံရရင်လည်း အသဲကွဲနိုင်တယ်။. တစ်ခါတစ်လေ
(မိန်းကလေးတွေ) စထားသွားပြီးတော့လည်း ကိုယ်က ပြန်ပြီး အသဲကွဲနိုင်တယ်။
(မိန်းကလေးဆိုတာက သူကို့စထားသွားခံရမှာ သိပ်ကြောက်တာကို… ရှေ့ဆက်ရင်လည်း
မဝံ့မရဲဖြစ်၊ ပိုခံစားရနိုင်မယ်မှန်း သိတဲ့အခါ ကိုယ်က ထားသွားပြီး
အသဲကွဲတတ်ကြတယ်လေ) တစ်ခါတစ်လေ တစ်ဖက်ပဲ အသဲကွဲတယ်။ များသောအားဖြင့်တော့
နှစ်ဖက်လုံး အသဲကွဲတတ်ကြပါတယ်။
အသဲကွဲတဲ့အခါ
ဖြစ်တတ်တဲ့ လက္ခဏာတွေက မပျော်မရွင်ဖြစ်လာမယ်။ စားချင်
သောက်ချင်စိတ်ပျောက်မယ်။ တစ်မှိုင်မှိုင်ဖြစ်နေမယ်။
ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ သူများအတွဲတွေကို တွေ့ရင်
ကြည်နူးသလိုလိုနဲ့ ဝမ်းနည်းလာတတ်တယ်။ တစ်ခါတစ်လေ အပြင်ပန်းမှာ
ဟန်ဆောင်နေနိုင်ရင်တောင်မှ ရင်ထဲမှာတော့ ပဒိုင်းသီးတွေ သီးနေမှာ အမှန်ပဲ။
အသဲကွဲပြီးတဲ့အခါ
လုပ်တတ်တာတွေက စိတ်ပြေလက်ပျောက် လျှောက်လုပ်မိမယ်။ အရက်သောက်ချင်
သောက်ဖြစ်လိမ့်မယ်။ အချို့ဆို ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်မိလိမ့်မယ်။
အမှတ်တရ နေရာလေးတွေမှာ ယောင်တီးယောင်တောင် နဲ့သွားစောင့်မိမယ်။ (အဲအချိန်
အခန့်မသင့်ရင် မျက်ရည်ကျမယ်) အသဲကွဲတယ်ဆိုတာ တော်တော်ကြီးကို စိုးရွားတဲ့
ခံစားချက်ကြီးပါ။ တစ်ခါတစ်လေ အချို့ဆို အမုန်းနဲ့ မဟုတ်ဘဲ
လမ်းခွဲလိုက်တဲ့အခါ စိတ်မထိန်းနိုင်ဘဲ ပြသနာရှာမိလို့ အခန့်မသင့်ရင်
ပြန်အဆင်ပြေနိုင်တဲ့ အခြေအနေကနေ အမုန်းဘက် လည်း ကူးပြောင်းသွားတတ်ပါသေးတယ်။
ယောက်ျားလေးတွေ
အရက်သောက်တာကတော့ ထွက်ပေါက်ရှာတဲ့နည်းအစစ်မဟုတ်ပါဘူး။ မူးရင်
သက်သာမယ်ဆိုတာ အထင်ပါ။ တစ်ကယ်တော့ မူးမှ ဝေဒနာတွေက ပိုဆိုးတာ။
အဲအချိန်ကိုယ်က အရက်ကို မထိန်းချုပ်နိုင်ဘဲ အရက်က ကိုယ့်ကို
ထိန်းချုပ်သွားရင် အမှားပါတတ်ပါတယ်။ အဲတော့ ပျော်မယ်ထင်ရင် အရက်သောက်ပါ။
စိတ်ညစ်နေလို့တော့ အရက်မသောက်ပါနဲ့။ ပိုပြီးတော့ စိတ်ညစ်သွားလိမ့်မယ်။
တစ်ကယ်တော့
အပေါ်မှာ ပြောခဲ့တာတွေက စစ်မှန်တဲ့ ဖြေရှင်းနည်း မဟုတ်တာတော့ သေချာတယ်။
အဲဒါတွေလုပ်လို့ ပြန်အဆင်ပြေမှလားဆိုရင် ပိုဆိုးသွားဖို့ပဲရှိတယ်။
အသဲကွဲတာဟာ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ပဲလား။ အဲလိုတော့လည်း
မဟုတ်လောက်ပါဘူး။ သူ့ကို ဖြေရှင်းလို့ရနိုင်ပါတယ်။ ဖြေရှင်းနည်းမှားရင်သာ
ပြသနာရှိနေနိုင်တာပါ။
အချစ်ဆိုတာမျိုးက
စာရွက်အကောင်းစားပေါ် မှာ ခဲတံခပ်ညံ့ညံ့နဲ့ ခပ်ဖွဖွ စာရေးမိသလိုပါပဲ။
အချိန်ကာလ တစ်ခုကြာရင် မှာ စာရွက်ပေါ်က စာတွေ ပျောက်သွားမယ်။ အဲဒီအပေါ်
overwrite လုပ်ဖြစ်လိမ့်မယ်။ တစ်ခါထပ်ပျောက်သွားပြီး နောက်တစ်ခါ
ထပ်ရေးချင်ရေးဖြစ်လိမ့်မယ်။ အချိန်ကာလတစ်ခုတော့ စောင့်ရမှာပေါ့။
အဲလိုအလှည့်အပြောင်းတစ်ခု ကြားမှာ အသဲကွဲမိ တတ်ကြတယ်လေ။ အသဲကွဲလို့ ဘဝကို
နစ်မွန်းခံလိုက်မယ်ဆိုရင်….. အထူးသဖြင့် ဆယ်ကျော်သက်၊ နှစ်ဆယ်စွန်းစ
လူငယ်တွေဟာ ဘဝမှာ ရွေးချယ်ပိုင်ခွင့် အများကြီးရှိပါသေးတယ်။ ဒါပေမဲ့
အချိန်က ရပ်မနေခဲ့ဘူးလေ။ အဲတော့ ဒီအတိုင်းနေရင် ဆုံးရှုံးခြင်းတွေချည်းပဲ
ဖြစ်လာလိမ့်မယ်။ အသဲကွဲခြင်းကို အတတ်ပညာ တစ်ခုလို့ သဘောထားကြည့်ရအောင်ဗျာ။
အသဲကွဲတဲ့အခါမှာ
အနားမှာ ကိုယ့်ကိုဖေးမနိုင်မဲ့ မိတ်ဆွေကောင်းတွေ ရှိနေရင်တော့
အကောင်းဆုံးပေါ့ဗျာ။ သူတို့ဆီကနေ သင်ယူနိုင်စရာ အများကြီးရပါတယ်။
အရင်ဆုံးတော့ ကိုယ့်ကိုယ်ကို အမှန်အတိုင်း ဝန်ခံဖို့လိုတယ်။ ငါ့မှာ
ဘာအားနည်းချက်တွေရှိလည်း။ ငါ့မှာ ဘာချို့ယွင်းချက်တွေရှိလည်း။
ကိုယ့်ကိုယ်ကို ဘာတွေညာမိထားလည်း။ အဲတာတွေ သိတဲ့ အခါ ကျွန်တော်တို့
ပြုပြင်ယူနိုင်တာတွေ ရှိတယ်။ ယောက်ျားလေးတွေဆို
သူကပြန်ကြိုက်ချင်မှပြန်ကြိုက်မှာ လက်ခံချင်မှ လက်ခံမှာ ဖြစ်ပေမဲ့…
ကိုယ့်ကိုယ်ကို မိန်းမတစ်ယောက် အားကိုးနိုင်ဖို့၊ လေးစားခံနိုင်ဖို့အတွက်
ရှေ့ဆက်ရမယ်လေ။ မိန်းမတွေကိုယ်တိုင်ကလည်း သူတို့ ပျော့ညံ့တဲ့
ယောက်ျားမျိုးကို မကြိုက်ပါဘူးတဲ့။ သေချာတာက ကိုယ့်ဆီသူပြန်မလာတောင် ကိုယ်က
ပျော့ညံ့နေရင် သူကကိုယ့်ကို ပိုအထင်သေးသွားပြီး
သူလမ်းခွဲတာအရမ်းမှန်တယ်လို့တောင် ထင်ချင်ထင်သွားမှာ။ ရင်ထဲမှာ
မုန်တိုင်းတိုက်နေတာ တိုက်နေလို့ရပါတယ်။ အပြင်ပန်းမှာတော့ ကိုယ်လုပ်စရာ
ရှိတာလုပ်နေရဦးမှာပဲလေ။ သူပဲ ပြန်လာလို့ ဖြစ်စေ၊ ကိုယ်ပဲ နောက်တစ်ချိန်
နောက်တစ်ယောက်တွေ့ခဲ့လို့ ဖြစ်စေ၊ ကိုယ့်ကို ယုံကြည်အောင်၊
အားကိုးထိုက်အောင်၊ လေးစားအောင် ကိုယ်က ရှိနေမှ တော်ရာကျမှာပေါ့။
မိန်းကလေးတွေ အနေနဲ့ကလည်း မကောင်းတဲ့ ယောက်ျားတစ်ယောက်ကြောင့်
အသဲကွဲခဲ့ရတယ်ဆိုရင်တောင် ယောက်ျားတိုင်း မကောင်းဘူးဆိုတဲ့ အမြင်မျိုး
ဖြစ်မသွားဖို့ အရေးကြီးပါတယ်။ ကောင်းတဲ့ ယောက်ျားတွေ အများကြီးရှိပါတယ်။
ပြီးတော့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ တစ်ကယ်ချစ်တဲ့ ယောက်ျားတွေက
အားလုံးကို ခွင့်လွှတ်နားလည်ပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မနစ်မွန်းစေဖို့
အရေးကြီးပါတယ်။
ဒီစာကို
ရေးချင်လို့သာ ရေးလိုက်တာပါ။ တစ်ကယ်တော့ ကျွန်တော်ကိုယ်တိုင်ကိုက အချစ်နဲ့
ပတ်သက်ရင် ဆရာကြီးတစ်ဆူတော့လည်း မဟုတ်ခဲ့ပါဘူး။ ရည်းစားလည်း လက်ချိုးပြီး
မရည်နိုင်လောက် အောင် ထားခဲ့ဘူးတာ မဟုတ်ဘူး။ ကိုယ့် ပြသနာကို တောင်
ဖြေရှင်းဖို့ မနဲ ကြိုးစားနေရတာပါ။ အဲတော့ ကျွန်တော် ပြောတာ အချို့က
လွဲချင်လွဲလိမ့်မယ်။ အသဲကွဲတာကို ဖြေရှင်းဖို့ နည်းလည်း ကျွန်တော်
မသိပါဘူး။ ကျွန်တော်က အသည်းကွဲတာကလည်း ကွဲတာ။ လုပ်စရာရှိတာလုပ်သင့်တာက
လည်းလုပ်ကိုလုပ်ရမှာ ဆိုတာ ခွဲခြားပြီး မြင်သွားတာလေး တစ်ခုပါ။
အသဲကွဲပြီးတဲ့ နောက်မှာ သင်ပိုရင့်ကျက်သွားဖို့တော့လိုပါတယ်။
လဲကျမသွားပါစေနဲ့။ ဒီလိုမှ မဟုတ် နောက်တစ်ကြိမ်အသဲကွဲတာက
ပိုဆိုးပါလိမ့်မယ်။ ကျွန်တော်တို့တွေ အသဲကွဲခြင်းဆီကနေ ဘဝနေနည်းတွေ
သင်ယူလိုက်ကြရအောင်ဗျာ။
ကိုဇေ




No comments:
Post a Comment